عن جابر رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «رحِم الله رَجُلا سَمْحَا إذا باع، وإذا اشترى، وإذا اقْتَضَى».
[صحيح] - [رواه البخاري]
المزيــد ...
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။ ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။
“ထိုသူ(အမျိုးသား)ကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။” ဟူသော ဟဒီးဆ်စာသား၏ အဓိပ္ပါယ်မှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရောင်းဝယ်ခြင်းနှင့် မိမိ၏ ရပိုင်ခွင့် ဆိုလိုသည်မှာ အကြွေးများကို တောင်းဆိုရာတွင် သက်ညှာထောက်ထားမှု ရှိသူတိုင်းအပေါ် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် ကျရောက်ပါစေဟု ဆုတောင်းပေးထားခြင်း ဖြစ်သည်။ အမျိုးသားဟူ၍ ဖော်ပြထားခြင်းသည် အများအားဖြင့် အရာင်းအဝယ် ပြုလုပ်သူမှာ အမျိုးသားဖြစ်သောကြောင့် ဖြစ်သည်။ “ရောင်းသည့်အခါ သက်ညှာထောက်ထားသူ”၏ အလိုသဘောမှာ ရောင်းသည့်အခါ လွယ်ကူမှုရှိစေရန် ဝယ်သူအား ပစ္စည်းဈေးနှုန်းကို အတိအကျမယူဘဲ ၎င်းတန်ဖိုးကို လျှော့ပေးလိုက်ခြင်းကို ဆိုလိုသည်။ မွစ်နဒ်အဟ်မဒ်ကျမ်းနှင့် နစာအီကျမ်းတို့၏ ဆင့်ပြန်ချက်၌ အွတ်စ်မာန်ဗင်န်အဖ္ဖါန် (ရဿွိယလ္လာဟုအန်ဟု)၏ ဟဒီးဆ်တော်တွင် လာရှိသည်မှာ (ဝယ်သူဖြစ်စေ၊ ရောင်းသူဖြစ်စေ၊ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။) “ဝယ်သည့်အခါဖြစ်စေ” ၏အလိုသဘောမှာ ဝယ်သည့်အခါ သက်ညှာထောက်ထားခြင်းဖြစ်ပြီး အငြင်းအခုံပြုခြင်း၊ မရမကဈေးစစ်ခြင်းတို့ မပြုဘဲ ညှာတာထောက်ထားမှုရှိခြင်းကိုဆိုလိုသည်။ “မိမိ၏ ရပိုင်ခွင့်(အကြွေး)အား တောင်းဆိုသည့်အခါဖြစ်စေ”၏ အလိုသဘောမှာ၊ ချေးငှားသူထံမှ အကြွေးပြန်တောင်းသည့်အခါ ကြမ်းတမ်းစွာမဟုတ်ဘဲ နူးညံ့သိမ်မွေ့စွာ တောင်းခံခြင်ကိုဆိုလိုသည်။ အိဗ်နုဟိဗ္ဗါန်ကျမ်းတွင် ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည့်ဟဒီးဆ်တော်တွင် (سمحاً إذا قضى) ဟူသော စာသားအပိုပါရှိသည်။ ၎င်း၏အဓိပ္ပာယ်မှာ မိမိအပေါ်တွင် ရှိနေသောအကြွေးကို လွယ်ကူကောင်းမွန်စွာ ပြန်ဆပ်ခြင်းဖြစ်သည်။ အကြွေးဆပ်ရာတွင် နောက်ဆိုင်းခြင်းနှင့် ရှောင်ရှားခြင်းတို့မပြုဘဲ အလွယ်တကူ ကြည်ဖြူစွာဖြင့် ပေးခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤပုဂ္ဂိုလ်လေးမျိုးစလုံးအား ၎င်းတို့ အရောင်း အဝယ်ပြုရာတွင်လည်းကောင်း၊ အကြွေးဆပ်ရာတွင်လည်းကောင်း၊ အခြားသူများထံမှ အကြွေးတောင်းခံရာတွင် လည်းကောင်း ညှာတာထောက်ထားမှုရှိနေသ၍ အရှင်မြတ်၏ ကရုဏာတော်ကျရောက်ပါစေဟု ဆုမွန် ဒုအာပြုထားသည်။