عن عبد الله بن عمرو بن العاص رضي الله عنهما عن النبي صلى الله عليه وسلم قال: «ليس الواصل بالمُكَافِئِ ، ولكنَّ الواصل الذي إذا قَطعت رحِمه وصَلَها».
[صحيح] - [رواه البخاري]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည်မှာ ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်ဖြစ်သော “ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။”ဟူသောသြဝါဒတော်၏ အလိုသဘောမှာဆွေမျိုးသားချင်းများနှင့်ဆက်သွယ်ရာတွင်လည်းကောင်း၊ ဆွေမျိုး နီးစပ်သူတို့အား ကျေးဇူးပြုရာတွင်လည်းကောင်း ကျေးဇူးပြုမှုကို ကျေးဇူးပြုမှုဖြင့် တုံ့ပြန်သူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ ဆွေမျိုးဆက်ရာတွင် အမှန်တကယ်အပြည့်အဝဆွေမျိုးဆက်သူဆိုသည်မှာ မိမိအား ဆွေမျိုးအဆက်ဖြတ်ထားရုံသာမက မိမိအားဒုက္ခပေးသူကိုပင် ဆွေမျိုးဆက်ပြီး မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်သူဖြစ်သည်။ ထိုသို့သောသူသာလျှင် အမှန်တကယ်ဆွေမျိုးဆက်သူဖြစ်သည်။ လူတစ်ယောက်အဖို့ မိမိ၏ဆွေမျိုးများ၊ အိမ်နီးနားချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် အခြားသူတို့၏ ဒုက္ခပေးမှုအပေါ် (ဆွဗ်ရ်)သည်းခံရန်နှင့် ထိုအတွက် အလ္လာဟ်အရှင်မြတ်ထံမှ အကျိုးကုသိုလ်ကို မျှော်ကိုးရန် အရေးကြီးလှပေသည်။ (ထိုသို့ ကောင်းစွာဆက်ဆံခြင်းဖြင့်) ထိုသူအတွက် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ၎င်းတို့နှင့်ဆန့်ကျင်၍ ကူညီမည့်သူတစ်ဦး အမြဲရှိနေပေမည်။ စင်စစ် ထိုသူသည်သာ အကျိုးအမြတ်ရသူ(အောင်မြင်သူ)ဖြစ်ပြီး ၎င်းတို့သည်ကား ဆုံးရှုံးနစ်နာသူများဖြစ်ကြပေသည်။ဆွေမျိုးဆက်ခြင်းဟူသည် ဥစ္စာပစ္စည်းပံ့ပိုးခြင်းဖြင့်သော်လည်းကောင်း လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးခြင်းဖြင့်သော်လည်းကောင်း၊ ဘေးဒုက္ခများကို ဖယ်ရှားပေးခြင်းဖြင့်သော်လည်းကောင်း၊ ပြုံးရွှင်သောမျက်နှာဖြင့်ပြောဆိုဆက်ဆံခြင်းဖြင့်သော်လည်းကောင်း၊ ၎င်းတို့အတွက် ဆုတောင်းပေးခြင်းဖြင့်သော်လည်းကောင်း စသည်တို့ဖြင့် ဖြစ်နိုင်ပေသည်။ ဆွေမျိုးဆက်ခြင်း၏အဓိပ္ပါယ်သဘောအပြည့်အစုံကို အကျဉ်းချုပ်အားဖြင့် ဖေါ်ပြရလျှင် ဆွေမျိုးသားချင်းတို့၏ကောင်းကျိုးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးပြီး ဆိုးကျိုးများကိုလည်း တတ်နိုင်သလောက် ဖယ်ရှားပေးခြင်းဖြစ်သည်။ အစ္စလာမ်က ဆွေမျိုးအဆက်အသွယ်ထားရန် အလွန်ပင် အလေးအနက်ထားကာ လမ်းညွှန်ထားသော်လည်း ခြွင်းချက်အားဖြင့် လူတစ်ယောက်သည် ဆွေမျိုးသားချင်းများအား မလိုလားအပ်သောကိစ္စများမှ ကာကွယ်ရန် သို့မဟုတ် တားမြစ်ရန်အတွက် အဆက်အသွယ်မလုပ်ဘဲနေခြင်းမျိုးကို ဆွေမျိုးအဆက်ဖြတ်ခြင်းဟုမသတ်မှတ်ပေ။ ဥပမာ - မိမိ၏ဆွေမျိုးသားချင်းများအနေဖြင့် ဘာသာရေးနှင့်ဆန့်ကျင်သောကိစ္စများကို စွန့်လွှတ်ရန်နှင့် လမ်းမှန်သို့ ပြန်လှည့်လာရန် မျှော်လင့်ချက်ထားကာ ဆွေမျိုးအဆက်အသွယ်မလုပ်ခြင်းအားဖြင့် အကျိုးရှိလိမ့်မည်ဟုယုံကြည်သောကြောင့် အဆက်ဖြတ်သူ၊ သို့မဟုတ် ဆွေမျိုးများက တရားတော်နှင့်ဆန့်ကျင်သောလုပ်ရပ်များကို ကျူးလွန်နေကြသဖြင့် ၎င်းတို့နှင့် အဆက်အသွယ်ထားပါက မိမိနှင့် မိမိ၏မိသားစုအတွက်ပါ စိုးရိမ်ရပြီး ထိုလုပ်ရပ်များသည် မိမိနှင့် မိမိ၏အိမ်သူအိမ်သားများဆီသို့ ကူးစက်နိုင်ချေရှိသောကြောင့် အဆက်ဖြတ်သူတို့ဖြစ်သည်။