عَنْ المُغِيرَةِ رضي الله عنه قَالَ:
كُنْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي سَفَرٍ، فَأَهْوَيْتُ لِأَنْزِعَ خُفَّيْهِ، فَقَالَ: «دَعْهُمَا، فَإِنِّي أَدْخَلْتُهُمَا طَاهِرَتَيْنِ» فَمَسَحَ عَلَيْهِمَا.

[صحيح] - [متفق عليه] - [صحيح البخاري: 206]
المزيــد ...

မုဂီရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးတစ်ခုတွင်ရှိခဲ့သည်။ (ကိုယ်တော် ဝုဿွူပြုသည့်အခါ) ကျွန်တော်သည် ကိုယ်တော်၏ (သားရေ)ခြေအိတ်နှစ်ဖက်ကို ချွတ်ပေးရန် လက်လှမ်းလိုက်ရာ ကိုယ်တော်က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ကိုယ်တော်သည် ထိုခြေအိတ်နှစ်ဖက်ပေါ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 206]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခရီးစဥ်တစ်ခုတွင်ရှိနေခဲ့သည်။ ကိုယ်တော်သည် ဝုဿွူပြုတော်မူခဲ့ပြီး ခြေထောက်နှစ်ဖက်အား ဆေးကြောရန် ရောက်လာသည့်အခါ မုဂီရဟ်ဗင်န် ရှုအ်ဗဟ် (ရဿွိယလ္လာဟုအန်ဟု)က ကိုယ်တော်၏ ခြေထောက်နှစ်ဖက်ကို ဆေးကြောရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ခြေထောက်နှစ်ဖက်တွင် ဝတ်ဆင်ထားသည့် ခြေအိတ်နှစ်ဖက်ကို ချွတ်ရန် လက်ဆန့်လိုက်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ မချွတ်လေနှင့်။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် (ဝုဿွူပြု၍) သန့်စင်ထားသည့် အခြေအနေမျိုးတွင် ၎င်းခြေအိတ်နှစ်ခုကို ငါကိုယ်တော်၏ ခြေထောက်တွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခြေထောက်နှစ်ဖက်ကို ဆေးကြောမည့်အစား ထိုခြေအိတ်နှစ်ဖက်ပါ်တွင် မစဟ်ပြု ပွတ်သပ်ခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. (ဟဒတ်စ် အဆ်ွဂရ်) အသေးစားမသန့်ဖြစ်ခြင်းမှ ကင်းဝေးရန် ဝုဿွူပြုသည့်အခါ ခြေစွပ်အပေါ် မစဟ်ပြု ပွတ်သပ်ခွင့်ရှိသည်။ (ဟဒတ်စ်အက်ဗရ်) ရေချိုးရန်တာဝန်ထိုက်သည့် မသန့်ခြင်းမျိုး ဖြစ်သည့်အတွက် ရေချိုးသည့်အခါ ခြေထောက်နှစ်ဖက်ကို မဖြစ်မနေ ဆေးကြောရမည်ဖြစ်သည်။
  2. မစဟ်ပြုသည့်အခါ စိုနေသောလက်ဖြင့် ခြေအိတ်၏အပေါ်ပိုင်းအား တစ်ကြိမ်ပွတ်သပ်ရမည်။ ခြေအိတ်အောက်ဖက်မှ မပွတ်သပ်ရပါ။
  3. ခြေအိတ်နှစ်ခုအပေါ်တွင် မစဟ်ပြု ပွတ်သပ်ရန်အတွက် စည်းကမ်းချက်များမှာ (၁) ခြေထောက်နှစ်ဖက်ကို ဆေးကြောကာ ပြည့်စုံစွာ ဝုဿွူပြုပြီးနောက် ခြေအိတ်ကို ဝတ်ဆင်ခြင်းဖြစ်ရမည်။ (၂) ခြေအိတ်သည် သန့်ရှင်းပြီး (ဝုဿွူ) ပြုရာတွင် ဆေးကြောရမည့် ခြေထောက်၏ ဖရ်ဿ်ွအစိတ်အပိုင်း အားလုံးကို ဖုံးအုပ်နေရမည်။ ဝုဿွူပြုရန် တာဝန်ထိုက်သည့် မသန့်ဖြစ်ခြင်းအတွက်သာ ခြေအိတ်ပေါ် မစဟ်ပြု ပွတ်သပ်ခွင့်ရှိသည်။ (ဂျနာဗသ်) သံဝါသမှုကြောင့် ရေချိုးရန်တာဝန်ထိုက်ခြင်းနှင့် အခြားရေချိုးရန် တာဝန်ထိုက်သည့် အခြေအနေမျိုးတွင် မစဟ်ပြုခွင့်မရှိပါ။ ထို့အတူ တရားတော်က သတ်မှတ်ထားသည့် အချိန်ကာလဖြစ်သည့် မိမိဒေသတွင် နေထိုင်သူအတွက် တစ်ရက်နှင့်တစ်ည၊ ခရီးသည်အတွက် သုံးရက်နှင့်သုံးည အတွင်း၌သာ မစဟ်ပြုခွင့်ရှိသည်။
  4. သားရေခြေအိတ်ပေါ် ကိယာစ် နှိုင်းယှဥ်ချိန်ထိုးကာ ‘ဂျောင်ရဗ်’ ချည်ခြေစွပ်အပါအဝင် ခြေထောက်ကိုဖုံးအုပ်သည့် ခြေစွပ်အားလုံးပေါ်တွင် မစဟ်ပြု ပွတ်သပ်ခွင့်ရှိသည်။
  5. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့် သွန်သင်ဆုံးမမှုကို ဖော်ပြထားသည်။ ကိုယ်တော်သည် မုဂီရဟ် (ရဿွိယလ္လာဟုအန်ဟု)အား ခြေအိတ်နှစ်ဖက်ကို မချွတ်ရန်တားမြစ်လိုက်သည့်အခါ ၎င်းအနေဖြင့် စိတ်‌အေးသွားစေရန်နှင့် အမိန့်ပညတ်ချက်ကို သိရှိစေရန်အလို့ငှာ ‘ဧကန်အမှန်ပင် ငါကိုယ်တော်သည် (ဝုဿွူပြု၍) သန့်စင်ထားသည့် အခြေအနေမျိုးတွင် ၎င်းခြေအိတ်နှစ်ခုကို ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။’ ဟူ၍ အကြောင်းအရင်းကို ရှင်းပြတော်မူခဲ့သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍