عن عبد الله بن عباس رضي الله عنهما عن رسول الله -صلى الله عليه وآله وسلم- فيما يرويه عن ربه -تبارك وتعالى- قال: «إن الله كَتَبَ الحسناتِ والسيئاتِ ثم بَيَّنَ ذلك، فمَن هَمَّ بحسنةٍ فَلم يعمَلها كَتبها الله عنده حسنةً كاملةً، وإن هَمَّ بها فعمِلها كتبها اللهُ عندَه عشرَ حسناتٍ إلى سَبعِمائةِ ضِعْفٍ إلى أضعافٍ كثيرةٍ، وإن هَمَّ بسيئةٍ فلم يعملها كتبها الله عنده حسنة كاملة، وإن هَمَّ بها فعمِلها كتبها اللهُ سيئةً واحدةً». زاد مسلم: «ولا يَهْلِكُ على اللهِ إلا هَالِكٌ».
[صحيح] - [متفق عليه]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအရှင်မြတ်ထံတော်မှတဆင့် ဆင့်ပြန်တော်မူခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင် မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။ မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် အပိုပါရှိသည်မှာ၊ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးတွင် (မိမိ၏မကောင်းမှုများကြောင့်) ပျက်စီးခြင်း ခံထိုက်သူသာလျှင် ပျက်စီးလိမ့်မည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ကြီးကျယ်လှသည့် ဤဟဒီးဆ်တော်တွင်လာရှိသည်မှာ စိတ်အားထက်သန်စွာဖြင့် ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်လိုက်ပြီး ၎င်းအားမလုပ်ဖြစ်ခဲ့လျှင်လည်း ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ ၎င်းကောင်းမှုအားပြုလုပ်ခဲ့သော် အမှန်ပင် ကောင်းမှုဆယ်ခုမှ အဆပေါင်းမြောက်မြားစွာထိ တိုး၍ ချီးမြှင့်ခြင်းခံရမည်။ ၎င်းပြင် မည်သူမဆို မကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး အလ္လာဟ်အရှင်မြတ်အတွက် ယင်းမကောင်းမှုကို စွန့်လွှတ်လိုက်ပါက ထိုသူ့အတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရပေမည်။ ၎င်းနောက် မည်သူမဆို မကောင်းမှုတစ်ခုပြုလုပ်ခဲ့လျှင် မကောင်းမှုတစ်ခုသာ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ထို့ပြင်မည်သူမဆို မကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီးနောက် ယင်းမကောင်းမှုအား စွန့်လွှတ်လိုက်ပါက မည်သည့်အကုသိုလ်မျှ ရေးမှတ်ခြင်းခံရမည်မဟုတ်ပေ။ ဤအချက်အားလုံးသည် ၎င်းတို့အပေါ်ဝယ် ကြီးကျယ်လှသော ကျေးဇူးတော်နှင့် များပြားလှသော ကောင်းချီးတို့ကို ချီးမြင့်တော်မူသော အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်၏ ကျယ်ဝန်းလှသော ကရုဏာတော်ကို ညွှန်ပြနေသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန်
ဘာသာပြန်များကို ကြည့်ရှုရန်

အကျိုးကျေးဇူးများ

  1. ဤအွမ္မသ်အပေါ်တွင်ရှိသည့် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ရှင်းပြထားသည်။ အကယ်၍ ဟဒီးဆ်တော်တွင် တင်ပြထားသော အရှင်မြတ်၏ ကျေးဇူးတရားများသာ မရှိခဲ့လျှင် အမှန်ပင် ကြီးမားသည့် ဒုက္ခဆိုက်ရောက်သွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်များသည် မကောင်းမှုများကို ပို၍ပြုလုပ်ကြသောကြောင့်ဖြစ်သည်။
  2. ကိုယ်စောင့် ကောင်းကင်တမန်များသည် စိတ်နှလုံးသားနှင့် သက်ဆိုင်သည့် အမလ်လုပ်ရပ်တို့ကိုလည်း ရေးသားမှတ်တမ်းတင်ကြသည်။ ဤသည် ကောင်းကင်တမန်တို့က အပြင်ပိုင်းဆိုင်ရာ အမလ် လုပ်ရပ်များကိုသာ ရေးသားမှတ်တမ်းတင်သည်ဟု ပြောဆိုသူများနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
  3. ကောင်းမှုများ၊ မကောင်းမှုများကို အမှန်တကယ် ရေးသား မှတ်တမ်းတင်ခြင်းနှင့် ကုသိုလ်ချီးမြှင့်ခြင်း၊ အပြစ်ပေးခြင်းတို့အားလည်း အတည်ပြုထားသည်။ အဘယ်ကြောင့်ဆိုသော ကိုယ်တော်က “အမှန်ပင်အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့်မကောင်းမှုများကို ရေးမှတ်တော်မူသည်” ဟု မိန့်ကြားထားသည်။
  4. လူသားတို့ ပြုလုပ်ကြသည့် ကောင်းမှုများနှင့် မကောင်းမှုများသည် ရေးသားမှတ်တမ်းတင်ထားပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့အတွက် ရေးသားထားသည့် မှတ်တမ်းနှင့်အညီ မိမိတို့၏အလိုဆန္ဒအတိုင်း ပြုလုပ်နေကြခြင်းဖြစ်သည်။
  5. ကိုယ်တော်မြတ်က “အလ္လာဟ်အရှင်မြတ်သည် ရေးမှတ်တော်မူသည်” ဟု မိန့်ကြားထားသည့်အတိုင်း အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသော အလ္လာဟ် အရှင်မြတ်၏ လုပ်ဆောင်ချက်များကို အတည်ပြုထားသည်။ ကျွန်တော်တို့သည် ထိုသို့ရေးမှတ်ခြင်းအား အလ္လာဟ်အရှင်မြတ်က အခြားသူအား ရေးမှတ်ရန် အမိန့်ပေးသည်ဟု ပြောသည်ဖြစ်စေ သို့မဟုတ် အရှင်မြတ်ကိုယ်တိုင် ရေးမှတ်သည်ဟု ပြောသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စနှင့်ပတ်သက်၍ အခြား ဟဒီးဆ်တော်များတွင် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ( အလ္လာဟ်အရှင်မြတ်သည် သောင်ရာသ်ကျမ်းကို မိမိ၏ လက်တော်ဖြင့် ရေးသားတော်မူခဲ့သည်)ဟု မိန့်ကြားထားသဖြင့် ၎င်းအား ပမာပေးခြင်း၊ အဓိပ္ပါယ်လွှဲပြောင်းဖွင့်ဆိုခြင်း တို့မပြုဘဲ အရှိအတိုင်းပင် လက်ခံယုံကြည်ရမည်ဖြစ်သည်။
  6. အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများအား အလေးထား ဂရုပြုတော်မူသည်။ အရှင်မြတ်သည် ၎င်းတို့၏ ကောင်းမှုများနှင့် မကောင်းမှုများကို သက်ဒီရ်အရ လည်းကောင်း၊ ရှရီအဟ်အရ လည်းကောင်း၊ ရေးမှတ်တော်မူသည်။
  7. (အအ်မာလ်) လုပ်ရပ်များနှင့် ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် နီယသ်ရည်စူးချက်အပေါ်တွင်မူတည်သည်။
  8. အကျဉ်းချုပ်တင်ပြပြီးနောက် အကျယ်တဝင့်တင်ပြခြင်းသည် ဗလာဂသ် (စကားကြွယ်ဝမှုဘာသာရပ်)အနက်မှဖြစ်သည်။
  9. ကောင်းမှုပြုလုပ်ရန် ရည်ရွယ်လိုက်လျှင် ပြည့်စုံသည့်အကျိုးကုသိုလ်တစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။
  10. အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ သနားကရုဏာတော်နှင့် ကောင်းကျိုးပြုတော်မူခြင်း တစ်ရပ်မှာ မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို ကောင်းမှုတစ်ခုအဖြစ်ရေးမှတ်တော်မူလိုက်သည်။
  11. မည်သူမဆို မကောင်းမှုတစ်ခုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် ၎င်းအား အလ္လာဟ်အရှင်မြတ်အတွက် စွန့်လွှတ်ခဲ့လျှင် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ “ရည်ရွယ်ခြင်း”ဟူသည် သန္နိဌာန်ချခြင်း ကိုဆိုလိုပြီး စိတ်ကူးခြင်းသက်သက်ကို ဆိုလိုခြင်း မဟုတ်ပါ။
ထပ်၍