عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«سَبْعَةٌ يُظِلُّهُمُ اللَّهُ تَعَالَى فِي ظِلِّهِ يَوْمَ لاَ ظِلَّ إِلَّا ظِلُّهُ: إِمَامٌ عَدْلٌ، وَشَابٌّ نَشَأَ فِي عِبَادَةِ اللَّهِ، وَرَجُلٌ قَلْبُهُ مُعَلَّقٌ فِي المَسَاجِدِ، وَرَجُلاَنِ تَحَابَّا فِي اللَّهِ، اجْتَمَعَا عَلَيْهِ وَتَفَرَّقَا عَلَيْهِ، وَرَجُلٌ دَعَتْهُ امْرَأَةٌ ذَاتُ مَنْصِبٍ وَجَمَالٍ فَقَالَ: إِنِّي أَخَافُ اللَّهَ، وَرَجُلٌ تَصَدَّقَ بِصَدَقَةٍ فَأَخْفَاهَا حَتَّى لاَ تَعْلَمَ شِمَالُهُ مَا تُنْفِقُ يَمِينُهُ، وَرَجُلٌ ذَكَرَ اللَّهَ خَالِيًا، فَفَاضَتْ عَيْنَاهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 1423]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏
အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်။ (၁) တရားမျှတစွာ အုပ်ချုပ်သော ခေါင်းဆောင်၊ (၂) အလ္လာဟ်အရှင်မြတ်အား အေဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၌ ကြီးပြင်းလာသော လူငယ်၊ (၃) ဗလီဝတ်ကျောင်းတော်များ၌ စိတ်နှလုံးငြိကပ်နေသူ၊ (၄) အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း ချစ်ခင်ကြသူနှစ်ဦး၊ ၎င်းတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အတွက် ဆုံစည်းကြပြီး၊ အလ္လာဟ်အရှင်မြတ်အတွက်ထိုပင် ခွဲခွာကြသည်။ (၅) ချောမောလှပပြီး အဆင့်အတန်းဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦးက ( ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ‘ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်’ဟု ငြင်းဆိုလိုက်သူ၊
(၆) ညာလက်ကလှူဒါန်းသည်ကို ဘယ်လက်ပင်မသိအောင် လျှို့ဝှက်စွာလှူဒါန်းသူ၊ (၇)တစ်ယောက်
တည်းဆိတ်ကွယ်
ရာ၌ အလ္လာဟ်အရှင်မြတ်အား အောက်
မေ့သတိရတသသောအခါ မျက်စိနှစ်ဖက်မှ မျက်ရည်
ယိုစီးကျလာသူ ဖြစ်သည်”။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1423]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ခုနစ်ဦးသောမုအ်မင်န်တို့အား အလ္လာဟ်အရှင်မြတ်၏အရိပ်တော်မှတစ်ပါး အခြားအရိပ်မရှိသည့်နေ့၌ အရှင်မြတ်က မိမိ၏အရ်ရှ်ပလ္လင်တော်၏ အရိပ်အောက်တွင် ခိုလှုံခွင့်ပေးတော်မူမည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်သတင်းကောင်းပေးတော်မူခဲ့သည်။ ပထမအမျိုးအစား- မိမိကိုယ်တိုင်ဖြောင့်မတ်ပြီး မတရားမှုကို မကျူးလွန်ဘဲ၊ မိမိ၏လက်အောက်ခံများအပေါ် တရားမျှတစွာ အုပ်ချုပ်သူ၊ မတရားသူ မဟုတ်သူ။ ကြီးမားသောအာဏာစက်ကို ပိုင်ဆိုင်သူဖြစ်သည်။ ဤအမိန့်တွင် မွတ်စ်လင်မ်တို့၏ ကိစ္စရပ်တစ်ခုခုအတွက် တာဝန်ယူပြီး ထိုကိစ္စ၌ တရားမျှတစွာ ဆောင်ရွက်သူတိုင်းလည်း ပါဝင်သည်။ ဒုတိယအမျိုးအစား- အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းဖြင့် ကြီးပြင်းလာသော လူငယ်။ မိမိ၏ နုပျိုသောအရွယ်နှင့်ခွန်အားကို အရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း၌ ကုန်လွန်စေခဲ့ပြီး၊ ထိုအခြေအနေဖြင့်ပင် ဘဝနိဂုံးချုပ်သွားသူ။ တတိယအမျိုးအစား- နှလုံးသားသည် ဗလီဝတ်ကျောင်းတော်နှင့် အမြဲတမ်းဆက်နွယ်နေသူ ဖြစ်သည်။ သူသည် ဗလီမှ ထွက်သွားသည့်အခါတွင်လည်း ပြန်လည်ရောက်ရှိရန် လိုလားတောင့်တလျက်ရှိသသည်။ ယင်းသည် ဗလီကို အလွန်နှစ်သက်မြတ်နိုးခြင်း၊ ဗလီ၌ အစဉ်တစိုက်နေထိုင်ခြင်းနှင့် နှလုံးသားသည် ဗလီ၌ အမြဲရှိနေခြင်းတို့ကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ ကိုယ်ခန္ဓာသည် အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့်များဖြင့် ဗလီပြင်ပ၌ ရှိနေချိန်၌ပင် (နှလုံးသားသည် ဗလီနှင့် တွဲလျက်ရှိသည်)။ စတုတ္ထအမျိုးအစား- အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း စစ်မှန်စွာ ချစ်ခင်ကြသူနှစ်ဦး။ ထိုသာသနာရေးဆိုင်ရာ ချစ်ခင်မှုကို အမြဲတည်မြဲစေကာ လောကီဆိုင်ရာ အနှောင့်အယှက်တစ်စုံတစ်ရာ ကြောင့် ဖြတ်တောက်ခြင်းမရှိဘဲ၊ ၎င်းတို့သည် လက်တွေ့တွင် အတူတကွ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေခြင်းတရားက ၎င်းတို့နှစ်ဦးကြား ခွဲခွါ စေသည့်တိုင်အောင် ထိုမေတ္တာ၌ တည်မြဲကြသူများ ဖြစ်သည်။ ပဉ္စမအမျိုးအစား- အမျိုးသမီးတစ်ဦးက (ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ငြင်းပယ်လိုက်သူ။ ထိုအမျိုးသမီးသည် မျိုးရိုး၊ ဂုဏ်သိက္ခာ၊ ရာထူး၊ စည်းစိမ်ဥစ္စာနှင့် အလှတရားတို့၌ ထူးကဲသူဖြစ်သော်လည်း ၎င်းက “ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်” ဟု ဆိုကာ (ဇိနာပြစ်မှုကို) ငြင်းပယ်လိုက်သူ ဖြစ်သည်။ ဆဋ္ဌမအမျိုးအစား- နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိမိလှူဒါန်းသော အလှူဒါန၌ ရိယာပြစားမှု မလုပ်ဘဲ လျှို့ဝှက်စွာလှူဒါန်းခဲ့သူ။ လက်ဝဲလက်သည် လက်ယာလက် ဘာလှူဒါန်းသည်ကိုပင် မသိအောင် ဖုံးကွယ်ထားခဲ့သူဖြစ်သည်။ သတ္တမအမျိုးအစား- လူသူကင်းရှင်းရာတွင် တစ်ကိုယ်တည်း နှလုံးသားဖြင့် သတိရတသခြင်း သို့မဟုတ် နှုတ်ဖြင့် အလ္လာဟ်အရှင်မြတ်အား သတိရအောက်မေ့ (ဇိကိရ်) ပြုရင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် အရှင်မြတ်၏ ကြီးကျယ်မှုကို ဖွင့်ဟမြွက်ဆိုသည်အနေဖြင့် မျက်စိနှစ်ဖက်မှ မျက်ရည်များယိုစီးကျလာသူဖြစ်သည်။