عن أبي هريرة عن النبي صلى الله عليه وسلم قال: «من صلى صلاة لم يقرأ فيها بأم القرآن فهي خداج -ثلاثًا- غير تمام» فقيل لأبي هريرة: إنا نكون وراء الإمام؟ فقال: اقرأ بها في نفسك، فإني سمعت رسول الله صلى الله عليه وسلم يقول: «قال الله تعالى: قسمت الصلاة بيني وبين عبدي نصفين، ولعبدي ما سأل، فإذا قال العبد: {الحمد لله رب العالمين} قال الله تعالى: حمدني عبدي، وإذا قال: {الرحمن الرحيم} قال الله تعالى: أثنى علي عبدي، وإذا قال: {مالك يوم الدين}، قال: مجدني عبدي -وقال مرة فوَّض إلي عبدي- فإذا قال: {إياك نعبد وإياك نستعين}قال: هذا بيني وبين عبدي، ولعبدي ما سأل، فإذا قال: {اهدنا الصراط المستقيم صراط الذين أنعمت عليهم غير المغضوب عليهم ولا الضالين} قال: هذا لعبدي ولعبدي ما سأل».
[صحيح] - [رواه مسلم]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ဆွလာသ်ဆောက်တည်သည့်အခါ ‘အွမ်မုလ်ကုရ်အာန်’(ကုရ်အာန်ကျမ်းမြတ်၏မိခင်) စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ချို့ယွင်းချက်ဖြစ်မည်၊ ချို့ယွင်းချက်ဖြစ်မည်၊ ချို့ယွင်းချက်ဖြစ်မည်၊ ပြည့်စုံမည်မဟုတ်ပေဟု မိန့်ကြားတော်မူခဲ့သည်။ အဗူဟုရိုင်ရဟ်အား ကျွန်ုပ်တို့သည် အိမာမ်ရှေ့ဆောင်၏နောက်မှ နောက်လိုက်အဖြစ်ဝတ်ပြုလျှင် မည်သို့ပြုရမည်နည်းဟု မေးမြန်းရာ ၎င်းက (စူရဟ် ဖာသိဟဟ်အား)တီးတိုးစွာဖတ်ပါဟု ဖြေကြားခဲ့သည်။ထို့နောက် ဆက်လက်ပြောကြားသည်မှာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား အရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်က “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ကျွန်က “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲမြတ်ထွဋ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ တစ်ခါတစ်ရံတွင် ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။ ၎င်းကျွန်က “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။ ထိုအခါကျွန်က “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။]
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်သြဝါဒတော်တစ်ရပ်ကို ဆင့်ပြန်ခဲ့သည်မှာ အိမာမ်ရှေ့ဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ သို့မဟုတ် တစ်ဦးချင်းဆောက်တည်သူဖြစ်စေ မည်သူမဆို ဆွလာသ်ဆောက်တည်သည့်အခါ အသံထွက်ဖတ်ရသည့် ဆွလာသ်၌ဖြစ်စေ၊ တီးတိုးစွာဖတ်ရသည့် ဆွလာသ်၌ဖြစ်စေ၊ ဖရ်ဿ်ွ ဆွလာသ်၌ဖြစ်စေ၊ နဖ်လ် ဆွလာသ်၌ဖြစ်စေ ‘ကုရ်အာန်ကျမ်းမြတ်၏မိခင်’ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ၎င်း၏ဆွလာသ်သည် ချို့ယွင်းချက်ဖြစ်မည် ပြည့်စုံမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ၎င်း၏ဆွလာသ်သည် အထမြောက်မည်မဟုတ်ပေ။ ကိုယ်တော်သည် ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။ ဤဩဝါဒတော်သည် ဆွလာသ်တိုင်းတွင် စူရဟ်ဖာသိဟဟ်ဖတ်ခြင်း ဝါဂျိဗ်ဖြစ်ကြောင်း ခိုင်မာသည့်အထောက်အထား တစ်ရပ်ပင်ဖြစ်သည်။ ထိုအခါ အဗူဟုရိုင်ရဟ်အား ကျွန်ုပ်တို့သည် အိမာမ်ရှေ့ဆောင်၏နောက်မှ နောက်လိုက်အဖြစ်ဝတ်ပြုလျှင် မည်သို့ပြုရမည်နည်းဟု မေးမြန်းခဲ့ကြသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အိမာမ်ရှေ့ဆောင်၏နောက်မှ ‘မွက်သဒီ’ နောက်လိုက်အဖြစ် ဝတ်ပြုကြသည်။ သို့ဖြစ်၍ အိမာမ်နှင့်အတူ ဖတ်သည့်အခါ ကျွန်ုပ်တို့ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက အပြစ်တစ်စုံတစ်ရာ ရှိပါသလားဟု မေးမြန်းကြရာ ၎င်းက (စူရဟ် ဖာသိဟဟ်အား)တီးတိုးစွာဖတ်ပါဟု ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ စူရာဖာသိဟဟ်အား အသံကျယ်စွာမဟုတ်ဘဲ အသံတိုးတိုးရွတ်ဖတ်ရမည်ဖြစ်သည်။ ထိုသို့ တီးတိုးစွာဖတ်ခြင်းကို အသံမထွက်ဘဲ စိတ်ထဲမှဖတ်ခြင်းဟု အဓိပ္ပါယ်ကောက်ယူခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘာသာဗေဒ ကျွမ်းကျင်သည့် ပညာရှင်များအားလုံးက ထိုသို့စိတ်ထဲမှဖတ်ခြင်းကို ရွတ်ဖတ်ခြင်းဟု မခေါ်ဆိုကြောင်း တညီတညွတ်တည်း လက်ခံထားကြသည်။ ထို့နောက် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် မိမိတင်ပြသည့် အထောက်အထားကို ပို၍ခိုင်မာအားကောင်းစေရန်အတွက် အထောက်အထားတစ်ခုမှ နောက်အထောက်အထားတစ်ခုသို့ ပြောင်းလဲတင်ပြခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား အရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူသည်။ ဩဝါဒတော်၌ စူရဟ် ဖာသိဟဟ်ကို ဆွလာသ်ဟုခေါ်ဆိုခြင်းသည် ထိုစူရဟ်မပါဘဲ ဆွလာသ်အထမမြောက်သည့်အတွက်ဖြစ်သည်။ ဤနေရာတွင် အရာတစ်ခုလုံး၏အမည်ဖြင့် အစိတ်အပိုင်းတစ်ခုကို ခေါ်ဆိုထားခြင်းဖြစ်သည်။ တစ်ဝက်စီခွဲထားခြင်းဟူသည် အဓိပ္ပါယ်အရခွဲခြားထားခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် စူရာဖာသိဟဟ်၏ ပထမတဝက်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်း၊ အရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို မြွက်ဟခြင်း၊ အရှင်မြတ်အား ချီးကျူးထောမနာပြုခြင်း၊ အရှင်မြတ်သည် တစ်ဆူတည်းတစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းဖော်ပြခြင်း စသည်တို့ပါဝင်သည်။ ဒုတိယတဝက်တွင် ကျေးကျွန်သည် မိမိ၏မတတ်စွမ်းနိုင်မှု မိမိ၏လိုအပ်ချက်ရှိမှုတို့ကို ဝန်ခံခြင်း၊ ‘ဟိဒါယသ်’ လမ်းမှန်တရားပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် ထိုအပေါ် ကူညီဆောင်မတော်မူရန် တောင်းခံခြင်း စသည်တို့ပါဝင်သည်။ ဤသို့ခွဲခြားထားခြင်းကပင် “بسم الله الرحمن الرحيم” သည် စူရဟ်ဖာသိဟဟ်ထဲတွင် မပါဝင်ကြောင်းနှင့် ၎င်းသည် စူရဟ်တိုင်း၏အစတွင် လာရှိသော သီးသန့်အာယသ်တော်တစ်ပါးဖြစ်ကြောင်း အထောက်အထားတစ်ခုဖြစ်သည်။ ‘ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကိုရရှိမည်’ ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်က မိမိ၏ကျွန်၏ဒုအာကို လက်ခံမည်ဖြစ်ကြောင်း ကတိပြုထားခြင်းပင်ဖြစ်သည်။ ကျေးကျွန်က “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ဤသည်အရှင်မြတ်က ငါ၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကျယ်၍ ပြည့်စုံသည့်ဂုဏ်တော်များဖြင့်ချီးမွမ်းနေသည်ဟု မိန့်ကြားခြင်းဖြစ်သည်။ ကျေးကျွန်က “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပြီး ငါအရှင်မြတ်၏အဖန်ဆင်းခံများပေါ်တွင်ရှိသည့် အလုံးစုံသော နိအ်မသ်ကျေးဇူးတော်များကို ဝန်ခံသည့်အနေဖြင့် လှပသည့်ဂုဏ်တော်များကို ထပ်တလဲလဲရွတ်ဆိုနေသည် ဟုအမိန့်ရှိတော်မူ၏။ ၎င်းကျွန်က “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က “ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲမြတ်ထွဋ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။”ဆိုလိုသည်မှာ ငါ၏ကျွန်သည် ငါအရှင်မြတ်၏ကြီးကျယ်မှုကိုဖော်ထုတ်ပြီးမြင့်မြတ်လှသည့် ဂုဏ်တော်များနှင့် ငါအရှင်မြတ်အားချီးမွမ်းနေသည်။ ငါအရှင်မြတ်၏ ကြီးကဲမြတ်ထွဋ်မှုကို ဝန်ခံထွက်ဆိုနေသည်။ ကိုယ်တော်မြတ်မိန့်ကြားခဲ့သည့် “တစ်ခါတစ်ရံ ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။” ဟူသည်မှာ အရှင်မြတ်သည် အထက်တွင်ဖော်ပြခဲ့သည့် စကားနှစ်မျိုးစလုံး မိန့်ကြားတော်မူကြောင်းဆိုလိုခြင်းဖြစ်သည်။ သို့သော် “ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏” ဟူ၍ မိန့်ကြားခြင်းမှာ နည်းပါးသည်။ အရှင်မြတ်ထံ လွှဲအပ်ခြင်းဟူသည် အရှင်မြတ်အပေါ် ‘သဝက္ကုလ်’ ယုံပုံအားကိုးခြင်းကို ဆိုလိုသည်။ “၎င်းကျွန်က “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။” ယင်းသည် အလ္လာဟ်အရှင်မြတ်နှင့် ကျေးကျွန်ကြားတွင် တစ်ဝက်စီဖြစ်ရခြင်းမှာ ၎င်း၏ပထမတစ်ဝက်သည် အရှင်မြတ်၏ကြီးကျယ်မှုနှင့် သောင်ဟီးဒ်တရားတော်ကို ဖော်ကျူးထားခြင်းဖြစ်ပြီး ၎င်းမှာ “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။”ဟူ၍ဖြစ်သည်။ ဒုတိယတစ်ဝက်၌ ကျေးကျွန်သည် မိမိ၏အရေးကိစ္စတိုင်းအတွက် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံခြင်းဖြစ်သည်။ ၎င်းမှာ “ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏” ဟူ၍ဖြစ်သည်။ ထိုအာယသ်တော်၌ ကျေးကျွန်သည် အရှင်မြတ်ထံတော်တွင် ရိုကျိုးနှိမ့်ချခြင်း၊ အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံခြင်း၊ အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုနှင့် အရှင်မြတ်သည် မိမိထံမှ တောင်းခံသည့်အရာများကို ချီးမြှင့်နိုင်တော်မူသောအရှင်ဖြစ်ကြောင်းဖော်ပြခြင်း တို့ပါဝင်သည်။ “ထိုအခါကျွန်က ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။” စူရဟ်၏နောက်ဆုံးပိုင်းတွင် ကျေးကျွန်ကမိမိအတွက်မိမိ တောင်းခံခြင်းဖြစ်သောကြောင့် အရှင်မြတ်က ဤသည်ငါအရှင်မြတ်၏ကျွန်အတွက်သာဖြစ်ပြီး ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူလိုက်ပြီဟု မိန့်ကြားတော်မူခြင်းဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ကျွန်အား ၎င်း၏အရေးကိစ္စများအတွက် တောင်းခံသည့်အကူအညီကို ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း ကတိပြုထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် စူရဟ်ဖာသိဟဟ်အား ဆွလာသ်ဟုခေါ်ဆိုထားပြီး ယင်းအား မိမိနှင့် မိမိကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူကြောင်း ဤဟဒီးဆ်တော်မှ ညွှန်ပြထားသည်။ သို့ဖြစ်၍ မည်သူမဆို မိမိ၏ဆွလာသ်၌ ထိုစူရဟ်ကို မဖတ်ပါက ၎င်းသည် ဆွလာသ်ဝတ်ပြုသူဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် အိမာမ်ရှေ့ဆောင်ဖြစ်စေ၊ အိမာမ်နောက်မှ လိုက်ဖတ်သူဖြစ်စေ၊ တစ်ကိုယ်တည်းဝတ်ပြုသူဖြစ်စေ ဆွလာသ်ဝတ်ပြုသူတိုင်းသည် စူရဟ်ဖာသိဟဟ်အား အဖြစ်မနေရွတ်ဖတ်ရမည်ဖြစ်သည်။