عَنْ طَلْحَةَ بْنِ عُبَيْدِ اللهِ رضي الله عنه قَالَ:
جَاءَ رَجُلٌ إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ أَهْلِ نَجْدٍ ثَائِرُ الرَّأْسِ، نَسْمَعُ دَوِيَّ صَوْتِهِ، وَلَا نَفْقَهُ مَا يَقُولُ حَتَّى دَنَا مِنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَإِذَا هُوَ يَسْأَلُ عَنِ الْإِسْلَامِ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «خَمْسُ صَلَوَاتٍ فِي الْيَوْمِ وَاللَّيْلَةِ» فَقَالَ: هَلْ عَلَيَّ غَيْرُهُنَّ؟ قَالَ: «لَا، إِلَّا أَنْ تَطَّوَّعَ، وَصِيَامُ شَهْرِ رَمَضَانَ»، فَقَالَ: هَلْ عَلَيَّ غَيْرُهُ؟ فَقَالَ: «لَا، إِلَّا أَنْ تَطَّوَّعَ»، وَذَكَرَ لَهُ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ الزَّكَاةَ، فَقَالَ: هَلْ عَلَيَّ غَيْرُهَا؟ قَالَ: «لَا، إِلَّا أَنْ تَطَّوَّعَ»، قَالَ: فَأَدْبَرَ الرَّجُلُ، وَهُوَ يَقُولُ: وَاللهِ، لَا أَزِيدُ عَلَى هَذَا، وَلَا أَنْقُصُ مِنْهُ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَفْلَحَ إِنْ صَدَقَ».
[صحيح] - [متفق عليه] - [صحيح مسلم: 11]
المزيــد ...
သွလ်ဟဟ် ဗင်န် အုဗိုင်ဒုလ္လာဟ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။
နဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ သူ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူ၏ကျယ်လောင်သောအသံကို ကျွန်ုပ်တို့ကြားနေရသော်လည်း သူပြောနေသည်ကို နားမလည်ကျပေ။ နောက်ဆုံးတွင် ထိုသူသည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အနီးသို့ ရောက်ရှိလာသောအခါ သူသည် အစ္စလာမ်အကြောင်းကို မေးမြန်းနေသည်ကို တွေ့ရှိရသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ် ဝတ်ပြုရမည်" ဟု ဖြေကြားခဲ့သည်။ ထိုလူက "ဤဆွလာသ်ငါးကြိမ်အပြင် (အခြားဆွလာသ် တစ်စုံတစ်ရာ ဝတ်ပြုရန် ) ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထား မေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပိုဆောင်းဝတ်ပြုသည့်) ဆွလာသ်များ ဝတ်ပြုနိုင်သည်။ ထို့နောက် "ရမဿွာန်လ၏ ရိုဇဟ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်" ဟု မိန့်ကြားခဲ့သည်။ ထိုလူက "ဤ ရမဿွာန်လ၏ ရိုဇဟ်ဥပုသ် စောင့်ထိန်းခြင်းအပြင် (အခြား ရိုဇဟ်ဥပုသ် တစ်စုံတစ်ရာကိုစောင့်ထိန်းရန်) ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပိုဆောင်း စောင့်ထိန်းသည့်) ရိုဇဟ်ဥပုသ်များ စောင့်ထိန်းနိုင်သည်" ဟု ဖြေကြားခဲ့သည်။ ထို့နောက် အလ္လာဟ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဇကာသ်အကြောင်းကို ထိုလူအား တင်ပြမိန့်ကြားခဲ့သည်။ ထိုလူက "ဤဇကာသ်အပြင် (အခြား ဆွဒ်ကဟ်) တစ်စုံတစ်ရာ ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပို ဆောင်း ပေးကမ်းလှူဒါန်းသည့်) ဆွဒ်ကဟ်များ ပေးနိုင်သည်" ဟု မိန့်ကြားခဲ့သည်။ သွလ်ဟဟ် ( ရဿွိယလ္လာဟု အန်ဟု )က ပြောပြခဲ့သည်။ ထိုလူသည် "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်သည် ဤပမာဏထက် ပို၍လည်းမလုပ်၊ လျှော့၍လည်းမလုပ်ပါ" ဟု ဆိုကာ ကျောခိုင်း၍ ထွက်ခွာသွားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 11]
နဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ဆံပင်များမှာ ရှုပ်ထွေးနေပြီး အသံမှာလည်း ကျယ်လောင်ကာ ၎င်းပြောသောစကားကို နားလည်ရန် ခက်ခဲသည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ အနားသို့ လာရောက်ခဲ့ပြီး အစ္စလာမ့်တာဝန်ဝတ္တရားများနှင့် ပတ်သတ်၍ မေးမြန်းခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသ်ဝတ်ပြုခြင်းဖြင့် အစပြုတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းအပေါ်၌ နေ့စဥ်တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရန် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။
ထိုလူက “ဤဆွလာသ်ငါးကြိမ်အပြင် ကျွန်ုပ်အပေါ် အခြားဆွလာသ်တစ်စုံတစ်ရာကို ဝတ်ပြုရန် တာဝန်ရှိပါသေးသလား” ဟု လျှောက်ထားမေးမြန်းခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ဆွလာသ်များကို အပို ဆောင်း ဝတ်ပြုခြင်းမှလွဲ၍ အခြားဆွလာသ်တစ်စုံတစ်ရာ ဝတ်ပြုရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။
ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူသည့်အရာများအနက် ရမဿွာန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းလည်း အပါအဝင်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။
ထိုလူက “ရမဿွန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းအပြင် ကျွန်ုပ်အပေါ် အခြားသော ရိုဇဟ်ဥပုသ်တစ်စုံတစ်ရာ ထပ်မံ စောင့်ထိန်းရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ရိုဇဟ်များကို အပိုဆောင်းထားခြင်းမှလွဲ၍ အခြား ရိုဇဟ်တစ်စုံတစ်ရာထပ်မံထားရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။
ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား ဇကာသ်ပေးဆောင်ခြင်းအကြောင်းကို တင်ပြမိန့်ကြားတော်မူခဲ့သည်။
ထိုလူက “ဖရဿွ်ဇကာသ်အပြင် ကျွန်ုပ်အပေါ် အခြားသော စွဒ်ကဟ်ဒါနတစ်စုံတစ်ရာ ထပ်မံပေးဆောင်ရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ် စွဒ်ကဟ်ဒါနများကို အပိုဆောင်းပေးကမ်းခြင်းမှလွဲ၍ အခြားစွဒ်ကဟ်ဒါန တစ်စုံတစ်ရာပေးဆောင်ရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။
ထိုလူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ ဤဖရဿွ်တာဝန်များကို ကြားပြီးနောက် ကျောခိုင်းထွက်ခွာသွားခဲ့ပြီး “ ကျွန်ုပ်သည် ဤတာဝန်ဝတ္တရားများကို တိုးလည်းမတိုး၊ လျှော့လည်းမလျှော့ဘဲ အတိအကျ လိုက်နာဆောင်ရွက်ပါမည်” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်း၏ စကားအဆုံးတွင် ဤသို့ မိန့်ကြားတော်မူခဲ့သည်- “ထိုသူသည် မိမိကျိန်ဆိုခဲ့သည့်အတိုင်း အမှန်တကယ်လိုက်နာခဲ့ပါလျှင် ဧကန်မုချ အောင်မြင်သောသူတို့ထဲမှ ဖြစ်လိမ့်မည်။