عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رضي الله عنه قَالَ:
كُنَّا نُخْرِجُ إِذْ كَانَ فِينَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ زَكَاةَ الْفِطْرِ، عَنْ كُلِّ صَغِيرٍ وَكَبِيرٍ، حُرٍّ أَوْ مَمْلُوكٍ، صَاعًا مِنْ طَعَامٍ، أَوْ صَاعًا مِنْ أَقِطٍ، أَوْ صَاعًا مِنْ شَعِيرٍ، أَوْ صَاعًا مِنْ تَمْرٍ، أَوْ صَاعًا مِنْ زَبِيبٍ، فَلَمْ نَزَلْ نُخْرِجُهُ حَتَّى قَدِمَ عَلَيْنَا مُعَاوِيَةُ بْنُ أَبِي سُفْيَانَ رضي الله عنه حَاجًّا، أَوْ مُعْتَمِرًا فَكَلَّمَ النَّاسَ عَلَى الْمِنْبَرِ، فَكَانَ فِيمَا كَلَّمَ بِهِ النَّاسَ أَنْ قَالَ: إِنِّي أَرَى أَنَّ مُدَّيْنِ مِنْ سَمْرَاءِ الشَّامِ، تَعْدِلُ صَاعًا مِنْ تَمْرٍ، فَأَخَذَ النَّاسُ بِذَلِكَ، قَالَ أَبُو سَعِيدٍ: فَأَمَّا أَنَا فَلَا أَزَالُ أُخْرِجُهُ كَمَا كُنْتُ أُخْرِجُهُ، أَبَدًا مَا عِشْتُ.
[صحيح] - [متفق عليه] - [صحيح مسلم: 985]
المزيــد ...
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်။ ထိုအတိုင်းပင် ကျွန်ုပ်တို့သည် အမြဲတမ်းပေးခဲ့ကြသည်။ နောက်ဆုံး ကျွန်ုပ်တို့ထံ မုအာဝိယဟ် ဗင်န် အဘူစွဖ်ယားန်သည် ဟဂ်ျ သို့မဟုတ် အွမ်ရဟ် ပြုလုပ်ရန် ရောက်လာခဲ့သောအခါ သူသည် မင်န်ဘရ်ပေါ်မှ လူထုအား မိန့်ခွန်းပြောကြားခဲ့ရာ ၎င်းမိန့်ခွန်း၌ လူထုအား သူပြောခဲ့သည်မှာ- "ဧကန်မုချ ကျွန်ုပ်သည် ရှာမ်ဒေသမှ ဂျုံနှစ်မွဒ်သည် စွန်ပလွံသီးတစ်စွာအ်နှင့် တန်ဖိုးညီမျှသည်ဟု ယူဆပါသည်" ဟူ၍ဖြစ်သည်။ ထိုအခါ လူတို့သည် သူ၏ဤစကားကို လက်ခံလိုက်နာခဲ့ကြသည်။ အဘူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု) က - "ကျွန်ုပ်ကတော့ ဇကားသုလ်ဖိသွိရ်ကို ကျွန်ုပ်အသက်ရှင်နေသမျှကာလပတ်လုံး ပေးလေ့ပေးထရှိသည့်အတိုင်းပင် ပေးသွားမည်ဖြစ်သည်" ဟု ပြောခဲ့လေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 985]
မွတ်စ်လင်မ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခေတ်ကာလနှင့် ခုလဖာအေရာရှီဒီးန် (ခလီဖဟ်ကြီးလေးပါး) တို့၏ ခေတ်ကာလများတွင် ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအတွက် အစားအစာ တစ်စွာအ် ပမာဏဖြင့် ဇကာသုလ်ဖိသိရ် (ဖိသ်ရဟ်) ထုတ်လေ့ရှိခဲ့ကြသည်။ ထိုစဉ်က ၎င်းတို့၏ အစားအစာများမှာ မုယောစပါး၊ စပျစ်သီးခြောက် (ဇဗီးဗ်)၊ နို့ခဲ နှင့် စွန်ပလွံသီးတို့ ဖြစ်ကြသည်။ တစ်စွာအ်၏ ပမာဏမှာ လေးမွဒ် ရှိပြီး၊ တစ်မွဒ်၏ ပမာဏမှာ သာမန်လူတစ်ဦး၏ လက်ဖဝါးနှစ်ဖက်စာခန့် ရှိသည်။ မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) ခလီဖဟ်ဖြစ်ပြီး မဒီနဟ်သို့ရောက်လာချိန်၌ ရှာမ်ဒေသထွက် ဂျုံများ ပေါများလာသောအခါ သူသည် မိန့်ခွန်းပြောကြားခဲ့ပြီး - "ဧကန်အမှန် ကျွန်ုပ်သည် ရှာမ်ဒေသမှ ဂျုံနှစ်မွဒ် (စွာအ်တစ်ဝက်) သည် စွန်ပလွံသီးတစ်စွာအ်နှင့် တန်ဖိုးညီမျှသည်ဟု ယူဆပါသည်" ဟု မိန့်ကြားခဲ့သည်။ ထို့နောက် လူများသည် သူ၏ဤစကားကို လက်ခံလိုက်နာခဲ့ကြသည်။ အဘူစအီးဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်ကတော့ ဖိသ်ရဟ်အား ကျွန်ုပ်အသက်ရှင်နေသမျှကာလပတ်လုံး တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ခေတ်ကာလတွင် ထုတ်ခဲ့သည့်အတိုင်းပင် ထုတ်မည်ဖြစ်သည်" ဟု ဆိုခဲ့လေသည်။