عَنْ سَلْمَانَ الْفَارِسِيِّ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«ثَلَاثَةٌ لَا يُكَلِّمُهُمُ اللَّهُ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ: أُشَيْمِطٌ زَانٍ، وَعَائِلٌ مُسْتَكْبِرٌ، وَرَجُلٌ جَعَلَ اللَّهَ لَهُ بِضَاعَةً، فَلَا يَبِيعُ إِلَّا بِيَمِينِهِ وَلَا يَشْتَرِي إِلَّا بِيَمِينِهِ».
[صحيح] - [رواه الطبراني] - [المعجم الصغير: 821]
المزيــد ...
စလ်မားန် အလ်ဖာရီစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ပုဂ္ဂိုလ်သုံးဦးတို့အား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် စကားပြောတော်မူမည်မဟုတ်၊ ၎င်းတို့အား (အပြစ်များမှ )သန့်စင်စေတော်မူမည်မဟုတ်ပေ၊ ထို့ပြင် သူတို့အဖို့ ပြင်းထန်သောအဇားဗ်ပြစ်ဒဏ်ရှိ၏။ ထိုသူတို့မှာ-
၁။ အိုမင်းသော်လည်း ဇိနာမှုကိုကျူးလွန်သူ
၂။ဆင်းရဲနွမ်းပါးသော်လည်း မောက်မာထောင်လွှားသူ၊
၃။အလ္လာဟ်အရှင်မြတ်အား မိမိ၏ ကုန်ပစ္စည်းအဖြစ် ပြုလုပ်ထားသူဖြစ်ပြီး၊ (ဆိုလိုသည်မှာ) ၎င်းသည် (မိမိ၏ ကုန်ပစ္စည်းကို) အရှင်မြတ်၏နာမတော်အား ကိုင်တွယ်ကျိန်ဆို၍ ရောင်းချပြီး အရှင်မြတ်၏နာမတော်အား ကိုင်တွယ်ကျိန်ဆို၍ ဝယ်ယူသူ တို့ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အသ်သွဗ်ရာနီ ဆင့်ပြန်ခဲ့သည်။] - [المعجم الصغير - 821]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ပေးမည့် အပြစ်ဒဏ်ကို ခံစားထိုက်သော လူသုံးမျိုးအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူများသည် အကယ်၍ သောင်ဗဟ်အမှားဝန်ခံခြင်းမပြုပါက သို့မဟုတ် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို မခံရပါက ကိယာမသ်နေ့တွင် အပြစ်ဒဏ်သုံးမျိုးကို ခံစားရမည်ဖြစ်သည်။ ပထမပြစ်ဒဏ် - အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ထိုသူတို့အား စကားပြောတော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အရှင်မြတ်၏ အမျက်တော်လွန်စွာပြင်းထန်သောကြောင့်ဖြစ်သည်။ ထိုမျှသာမက အရှင်မြတ်သည် သူတို့ထံမှ မျက်နှာလွှဲတော်မူမည်။ သို့တည်းမဟုတ် သူတို့အတွက် မပျော်ရွှင်ဖွယ်စကားများ၊ မိမိ၏အမျက်တော်ကို ဖော်ပြသော စကားများကိုသာ ပြောဆိုတော်မူမည် ဖြစ်သည်။ ဒုတိယပြစ်ဒဏ် - အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သန့်စင်စေတော်မူမည် မဟုတ်သလို ချီးမွမ်းတော်မူမည်လည်း မဟုတ်ပေ။ ထို့ပြင် အပြစ်များမှ ၎င်းတို့အား သန့်ရှင်းစင် ကြယ်စေတော်မူမည် မဟုတ်ပေ။ တတိယပြစ်ဒဏ် - ၎င်းတို့အတွက် နောင်တမွန်ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ ရှိခြင်းဖြစ်သည်။ ထိုသို့ ပြစ်ဒဏ်ခံစားရမည့် လူသုံးမျိုးမှာ - ၁။ အသက်အရွယ်အိုမင်းသော်လည်း စက်ဆုပ်ရွံရှာဖွယ်ဇိနာမှုကို ကျူးလွန်သူ။ ၂။ ပစ္စည်းဥစ္စာမရှိသည့် ဆင်းရဲသားဖြစ်သော်လည်း လူတို့အပေါ် မောက်မာထောင်လွှားသူ။ ၃။ ရောင်းဝယ် ဖောက်ကားရာတွင် အလ္လာဟ်အရှင်မြတ်၏(နာမတော်ဖြင့်) မကြာခဏ ကျိန်ဆိုလေ့ရှိသူ။ ထိုသို့အားဖြင့် သူသည် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို မထီမဲ့မြင်ပြုကာ ဥစ္စာပစ္စည်း စုဆောင်းရန် လမ်းစအဖြစ် အသုံးချသူဖြစ်သည်။