عَن أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«لاَ يَقُلْ أَحَدُكُمْ: اللَّهُمَّ اغْفِرْ لِي إِنْ شِئْتَ، ارْحَمْنِي إِنْ شِئْتَ، ارْزُقْنِي إِنْ شِئْتَ، وَليَعْزِمْ مَسْأَلَتَهُ، إِنَّهُ يَفْعَلُ مَا يَشَاءُ، لاَ مُكْرِهَ لَهُ».
ولمسلم: «وَلَكِنْ لِيَعْزِمِ الْمَسْأَلَةَ وَلْيُعَظِّمِ الرَّغْبَةَ، فَإِنَّ اللهَ لَا يَتَعَاظَمُهُ شَيْءٌ أَعْطَاهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 7477]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"သင်တို့အနက် မည်သူမျှ (ဤသို့)ဒုအာဆုတောင်းခြင်း မပြုကြနှင့်၊ 'အိုအလ္လာဟ်အရှင်မြတ် အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ပေးသနားတော်မူပါ'။ သို့သော် မိမိ၏ဆုတောင်းချက်ကို ပြတ်ပြတ်သားသား (ယုံကြည်စိတ်ချစွာ) တောင်းဆိုကြလေကုန်။ အကြောင်းမှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုရှိရာကိုသာ ပြုလုပ်တော်မူပြီး၊ အရှင့်အား အတင်းအကြပ် ပြုလုပ်နိုင်သူ (မည်သူမျှ) မရှိပေ။" မွတ်စ်လင်မ်ကျမ်း၏ ရိဝါယသ်တွင် ဤသို့ လာရှိသည်-
"သို့သော် သင်တို့သည် ဆုတောင်းခြင်းကို ပြတ်သားစွာ(စိတ်ချယုံကြည်မှုအပြည့်ဖြင့်) ပြုကြလေကုန်။ ထို့ပြင် (အရှင့်ထံတော်မှ) အလိုဆန္ဒများကို ကြီးမားစွာ တောင့်တကြလေကုန်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် မိမိ ချီးမြှင့်တော်မူသည့် မည်သည့်အရာကိုမဆို (ချီးမြှင့်ရန်) ခဲယဉ်းသည်ဟူ၍ မရှိပေ။
[صحيح] - [متفق عليه] - [صحيح البخاري - 7477]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဒုအာဆုတောင်းခြင်းကို အရာတစ်ခုခုနှင့်ချိတ်ဆက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ အကယ်၍ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်ချိတ်ဆက်ခြင်းဖြစ်လျှင်လည်း (ထိုသို့ ချိတ်ဆက်ခြင်း မပြုရန် တားမြစ်တော်မူခဲ့သည်။) အကြောင်းမှာ ထိုအချက်သည် သေချာပေါက် သိရှိထားပြီးသား အကြောင်းအရာဖြစ်သည်။ (ဆိုလိုသည်မှာ) အလ္လာဟ်အရှင်မြတ် အလိုတော်ရှိမှသာလျှင် ခွင့်လွှတ်တော်မူမည် ဆိုသည့်အချက်ကို မည်သူမဆို သိရှိထားကြပြီးဖြစ်သည်။ ထို့ကြောင့် အလိုတော်ရှိမှသာလျှင် ဆိုသည့် သတ်မှတ်ချက်သည် အဓိပ္ပါယ်မရှိလှပေ။အကြောင်းမှာ အလိုတော်ရှိခြင်းဟူသည့် သတ်မှတ်ချက်သည် အတင်းအကြပ်ခိုင်းစေခြင်းနှင့် အခြားသော အကြောင်းများကြောင့် ကိစ္စတစ်ခုကို မိမိဆန္ဒမပါဘဲ လုပ်ဆောင်ရသူအတွက်သာ သတ်မှတ်လေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်မူကား ထိုအရာများမှ အလွန်ကင်းစင်တော်မူသည်။ အဆိုပါအချက်ကိုပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဟဒီးစ်တော်၏ နောက်ဆုံးပိုင်းတွင် "အကြောင်းမှာ ဧကန်စင်စစ် အရှင်မြတ်အား အတင်းအကြပ် ပြုလုပ်စေခိုင်းနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။" ဟူ၍ ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိ၍ ပေးသနားတော်မူသော အရာတစ်ခုခုသည် အရှင်မြတ်အတွက် ကြီးမားခဲယဥ်းလွန်းသည်ဟူ၍ မရှိပေ။ (အကြောင်းမှာ) အရှင်မြတ်သည် စွမ်းဆောင်နိုင်စွမ်း မရှိသူ မဟုတ်သည့်အပြင် မည်သည့်အရာမျှ အရှင်မြတ်အတွက် ကြီးမားလွန်းသည်ဟူ၍ မရှိပေ။ သို့ဖြစ်ရာ "အကယ်၍ အရှင်မြတ် အလိုတော်ရှိလျှင်" ဟု ဆိုရန် မလိုအပ်ပေ။ ဒုအာကို အလိုတော်ရှိခြင်းနှင့် ချိတ်ဆက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို မလိုအပ်ဟု ယူဆသည့် သဘောမျိုး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးက "အကယ်၍ သင်အလိုရှိလျှင် ကျွန်တော့်အား ဤသို့ပေးသနားပါ" ဟု ပြောဆိုခြင်းသည် ဆုတောင်းခံရသူအနေဖြင့် (ဆုတောင်းသူ၏ ဆုတောင်းခြင်းကို) လိုအပ်ချက်မရှိသူ ဖြစ်ခြင်း သို့မဟုတ် ဖြည့်ဆည်းပေးရန် စွမ်းဆောင်နိုင်စွမ်း မရှိသူ ဖြစ်ခြင်းတို့နှင့်သာ သင့်လျော်သော စကားဖြစ်သည်။ စွမ်းဆောင်နိုင်စွမ်းရှိသူနှင့် မိမိသည် ထိုအရာကို အလွန်အမင်း လိုအပ်နေသူ၊ ဆင်းရဲပင်ပန်းနေသူအတွက်မူကား သူသည် မိမိတောင်းဆိုသည့်အရာတွင် ပြတ်သားစွာ တောင်းဆိုရမည်ဖြစ်သည်။ ဆင်းရဲသော၊ မိမိတောင်းဆိုသည့်အရာကို အလွန်အမင်း လိုအပ်နေသောသူ၏ တောင်းဆိုချက်အတိုင်း တောင်းဆိုရမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးစားအားထားရမည်ဖြစ်သည်။ အကြောင်းမှာ အရှင်မြတ်သည်သာလျှင် စင်စစ် ကြွယ်ဝချမ်းသာတော်မူသောအရှင်၊ ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသောကြောင့် ဖြစ်သည်။